မင်းချမ်း(သြဂုတ်-၂၇)။ ။ by Kaowao News
ဗုံးဒဏ်ရာခံစားနေရသူခလရ(၃၂)မှတပ်သားစိုးဝင်းကို ထိုင်းဆေးရုံတွင်မြင်တွေ့ရစဉ်

ဗုံးဒဏ်ရာခံစားနေရသူ ခလရ(၃၂) မှတပ်သားစိုးဝင်း ယမန်နေ့တွင် ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်ဆေးရုံ၌ ဘယ်ဖက်ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည်ဟု ထိုင်းအာဏာပိုင်တို့ထံမှ သိရှိရသည်။
သြဂုတ်လ(၂၅) ရက်နေ့ ညနေပိုင်းတွင် ဘုရားသုံးဆူမြို့ပေါ်၌ ပိုင်ရှင်မဲ့ဗုံးတစ်လုံး မြန်မာစစ်တပ်မှ ရှာဖွေသိမ်းဆည်းနေစဉ် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာ နအဖအရာရှိနှစ်ဦးအပါအဝင် ဒဏ်ရာရရှိခဲ့မှုများ ဖြစ်ပေါ်ခဲ့သည်။
ခလရ(၃၂) တပ်ရင်းမှူးသည်ဘယ်ဖက်လက်မောင်းတွင်၎င်း၊ တပ်ရင်းထောက်လှန်းရေးဗိုလ်ကြီးသည် မျက်နှာ(ပါး)တွင်၎င်း၊ တပ်သားစိုးဝင်းသည်ခြေထောက်တွင်၎င်း၊ ထို့အပြင်ဒီကေဘီအေမှ စောဒါးနို့ ဆိုသူလည်း ဒဏ်ရာအသီးသီးရရှိခဲ့ကြသည်။
ဒဏ်ရာရရှိသူများအနက် တပ်ရင်းထောက်လှန်းရေးဗိုလ်ကြီး နိုင်လင်းဦးနှင့် တပ်သားစိုးဝင်းတို့နှစ်ဦးသည် ထိုင်းနိုင်ငံ စံခလပူရီဆေးရုံတွင် ဆေးဝါးခေတ္တကုသခံခဲ့ကြသည်ဟု သိရသည်။
ထို့နောက်ဒဏ်ရာပြင်းထန်သော တပ်သားစိုးဝင်းအား ကန်ချနပူရီခရိုင် ဆေးရုံသို့ပြောင်းရွေ့လိုက်ရသည်။
ဘုရားသုံးဆူမြို့ရှိ ပြည်သူ့ဆေးရုံတွင် ဆေးဝါးမလုံလောက်မှုနှင့် ခွဲစိတ်ကိရိယာများမရှိသောကြောင့် အဆိုပါလူနာများအား ထိုင်းဆေးရုံသို့ပြောင်းရွေ့ကုသခံရသည်ဟု ဆရာဝန်တစ်ဦးပြောပြချက်အရ သိရသည်။
သို့ရာတွင် ထိုင်းနိုင်ငံအတွင်း ယခုကဲ့သို့ဆေးဝါးကုသမှုကုန်ကျစရိတ်များကို မည်သူကပေးဆောင်ခဲ့သည်ကို အမည်ဖေါ်ပြောဆိုခြင်းမပြုသော်လည်း ဘုရားသုံးဆူမြို့၊ မြန်မာကုန်သည်အသိုင်းအဝိုင်းများထံမှ ပေးဆောင်ကြရသည်ဟု ကြားသိရသည်။
ယခု သြဂုတ်လအတွင်း ဘုရားသုံးဆူမြို့တွင် ဗုံးတွေ့ရှိမှုခြောက်ကြိမ်ရှိသည့်အနက် ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပေါ်ခဲ့သည်။
ပထမအကြိမ် ဘုရားသုံးဆူမြို့အထွက်တွင် ယခုလ(၁၄) ရက်နေ့တွင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ရာ တစ်ဦးတစ်ယောက်မှ ထိခိုက်မှုမရှိဟု သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။
ယခုအကြိမ်သည် သိမ်းဆည်းမိသောဗုံးတစ်လုံးအား မှတ်တမ်းဓါတ်ပုံရိုက်အပြီး ပထမအကြိမ်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
http://www.kaowao.org/b/2010news-august-27a.php

