Skip to content

DKBA ဘယ်လဲ?

April 22, 2010

စာဖတ်ပုရိတ်သတ်များခင်ဗျား….

လာမည့်ဧပြီ ၂၄ ရက်နေ့တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် ( DKBA) အဖွဲ့နှင့် နအဖ စစ်အစိုးရတို့ ဘော်ဒါဂတ်-နယ်ခြားစောင့်တပ်ကိစ္စ ဆွေးနွေးမည်ဟု ဧရာဝတီ သတင်းမှ သိရပါသည်။ ဒီလို သတင်းထွက်နေချိန်မှာပဲ DKBA နှင့်ပါတ်သက်၍ စိတ်ဝင်စားစရာကောင်းသော သတင်းတပုဒ်ကို ဒီကေဘီအေ နှင့် အထူးနီးစပ်သည့် သတင်းရပ်ကွက်မှ ယခုသတင်းကို ပေးပို့ လာပါသည်။ သတင်းပေးပို့ လာသူ စောထူးလိန့် အွာ နှင့် ဓါတ်ပုံ ပို့ ပေးလာသူ LZB အား သောသီခိုအဖွဲ့ သားများမှ အထူးကျေးဇူးတင်ရှိပါကြောင်း နှင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
နယ်ခြားစောင့် အသွင်ပြောင်းသည့် ကိစ္စနှင့်ပတ်သက်ပြီး ဒီကေဘီအေအတွင်း သဘောထားကွဲပြားနေ

နအဖစစ်အစိုးရ၏ ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့များအပေါ် နယ်ခြားစောင့်အသွင်ပြောင်းမည့် ကိစ္စနှင့် ပတ်သက်ပြီး ဒီကေဘီအေ အဖွဲ့အတွင်း သဘောထားကွဲပြားမှုများ ရှိသည်။

ထိုသို့သဘောထားကွဲပြားရာတွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ဆန့်ကျင်သည့် ဒီကေဘီအေ နာယကဆရာတော်ဦးသုဇနနှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကို လိုလားသည့် ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကျော်သန်းတို့အကြား သဘောထားများ ကွဲပြားခဲ့ကြခြင်း ဖြစ်သည်။

ဒီကေဘီအေ ဗဟိုကော်မတီဝင် စောသံမဏိမင်းဒင်၊ ဗိုလ်ချုပ်စောထွန်းကြိုင်နှင့် ကလိုထူးဘောစစ်ဆင်ရေးမှူး ဗိုလ်မုတ်သုံအပါအ၀င် ထိပ်ပိုင်းတပ်ဗိုလ်တပ်မှူးတချို့မှ မြိုင်ကြီးငူဆရာတော်၏ သဘောထားကို ထောက်ခံကြပြီး ဥက္ကဌ စောသာထူးကျော်နှင့် ဗိုလ်ချစ်သူနှင့် အခြားသော ဒီကေဘီအေ တပ်ဗိုလ်တပ်မှူးအချို့က ဗိုလ်ကျော်သန်း၏ သဘောထားကို ထောက်ခံခဲ့ကြသည်ဟု သိရသည်။

ဗိုလ်ချုပ်ကျော်သန်းသည် မြိုင်ကြီးငူဆရာတော်ကို အလွန်လေးစားကြည်ညို သူတဦးဖြစ်သော်လည်း ကရင်လူမျိုးမဟုတ်သည့် ၄င်း၏ဇနီး(ဗမာလူမျိုး)ကို မြိုင်ကြီးငူဆရာတော်ထက်ပင် လွန်ဆန်နိုင်ခြင်း မရှိဟု အရပ်စကားများအရ သိရသည်။

သင်္ကြန်မတိုင်ခင် ဖားအံမြို့ကို ရောက်ရှိသီတင်းသုံးနေသည့် မြိုင်ကြီးငူဆရာတော်ကို ဗိုလ်ချုပ်ကျော်သန်းမှ ၄င်း၏နေအိမ်တွင် ဆွမ်းစားပင့်ဖိတ်သော်လည်း မြိုင်ကြီးငူဆရာတော်မှ ကြွရောက်ခြင်းမရှိပဲ ဖားအံ ကမ်းနားရှိ ဓမ္မပီယကျောင်း(ဒီကေဘီအေကျောင်း) ကျောင်းတွင်သာ သီတင်းသုံးနေခဲ့သည်အထိ တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဖားအံမြို့ခံများက ပြောဆိုသည်။

ထို့သို့ အခြေအနေဖြစ်ပေါ်လာသည့်အပေါ် ဗိုလ်ချုပ်ကျော်သန်းနှင့် ဖားအံမြို့ခံ မဆလဟောင်း(ပါတီယူနစ်ဥက္ကဌ စောဘိုးနီ)နှင့် ကရင်လူကြီးအချို့မှ မြိုင်ကြီးငူဆရာတော်ကို ဖြောင်းဖျလျှောက်တင်ရန် နာမည်ကြီး ကရင်ဘုန်းကြီး တောင်ကလေးဆရာတော် ဦးပညာသာမိကို ချည်းကပ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။
ထိုသို့ ဒီကေဘီအေအတွင်း သူ့ဘက်ကိုယ့်ဘက် သဘောထားများ သိသိသာ ကွဲပြားကြသော်လည်း တပ်မှူးအချို့မှာမူ မည်သူ့ဘက်မှ လိုက်ပါခြင်းမရှိပဲ ကြားခံနေခဲ့ကြသည်မှာလည်း ထူးခြားချက်တရပ်ပင် ဖြစ်ပါသည်။
အဆိုပါတပ်မှူးများမှာ ဒီကေဘီအေ ၉၉၉ တပ်မဟာမှူး ဗိုလ်ချုပ်စောဖားနွီးနှင့် တပ်မဟာ ၅၅၅မှူး ဗိုလ်နှုတ်ခမ်းမွေးတို့ ဖြစ်ကာ အဆိုပါ တပ်မဟာ ၂ခုစလုံးသည် ဒီကေဘီအေအဖွဲ့တွင် အင်အားတောင့်တင်းသည့် တပ်မဟာများလည်း ဖြစ်သည်။

ထို့အပြင် ထိုင်းနယ်စပ်တွင် နာမည်ကြီးသည့် ဒီကေဘီအေ ဗိုလ်ချစ်သူသည် ဗိုလ်ချုပ်ဖားနွီး၏ လက်အောက်မှ ဗျူဟာမှူးဖြစ်ပြီး အခြားနာမည်ကြီး ဗိုလ်မုတ်သုံမှာမူ ဗိုလ်နှုတ်ခမ်းမွေး လက်အောက်ရှိ ကလိုထူးဘော စစ်ဆင်ရေးမှူး တဦးလည်း ဖြစ်သည်။

ဒီကေဘီအေနှင့် နီးစပ်သူများ၏ ပြောဆိုချက်များအရ ဥက္ကဌ စောသာထူးကျော်နှင့် ဗိုလ်ချုပ်ကျော်သန်းတို့၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းမှု လက်ခံသူတပ်ဗိုလ်အများစုသည် ဒီကေဘီအေ မပေါ်ပေါက်ခင် ကေအဲန်ယူတွင် လက်နက်ကိုင်ခဲ့ဖူးသူများ မဟုတ်ပဲ နောက်ပိုင်းမှ ဒီကေဘီအေတွင် ၀င်ရောက်လာခဲ့သူများ ဖြစ်သည်ဟု ဆိုသည်။

အများစုတပ်ဗိုလ်များသည် မြန်မာပြည်တွင် ဆယ်တန်းအောင်၊ ဘွဲ့ရပြီး ဒီကေဘီအေအဖွဲ့တွင် ၀င်ရောက်လာခဲ့သူများဖြစ်သော်လည်း နိုင်ငံရေးနှင့် ကရင့်အရေးကို စိတ်ပါဝင်စားခြင်းမရှိကြပဲ ကိုယ်ကျိုးအတွက်သာ စိတ်ဝင်စားသူများ ဖြစ်သည်။

လွန်ခဲ့သည့် မတ်လ လကုန်ပိုင်းက နယ်ခြားစောင့်တပ်အသွင်းပြောင်းမှုကို လိုလားသူ ဗိုလ်ချစ်သူနှင့် ၉၉၉လက်အောက်ခံ တပ်ရင်း၎မှူး ဗိုလ်ကြာအင်းတို့က နောင်လုံဒီကေ ဘီအေတပ်ရင်း ၄ရှိ အစည်းအဝေးခန်းမတွင် အဆိုပါတပ်ရင်းရှိ အရာရှိအရာခံ တပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်သည်မိသားစုများကို ခေါ်ယူကာ နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့် ကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အတည်မပြုနိုင်သည့် သတင်းတခုအရ နယ်ခြားစောင့်တပ်လက်မခံလိုသည့် ဒီကေဘီအေ တပ်မှူးအချို့ကို ကေအဲန်ယူနှင့် နားလည်မှုယူလွန်းသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဗိုလ်ကျော်သန်းအမာခံလူများက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်။

အဆိုပါ တပ်ရင်းမှူးများမှာ ခလယ်တံခွန်တိုင်အခြေစိုက် တပ်မဟာ ၅၅၅လက်အောက်ခံ ၉၀၁တပ်ရင်းမှူး ဗိုလ်ဥာဏ်မင်း၊ ပိုင်ကျုံအခြေစိုက် တပ်ရင်း၂တပ်ရင်းမှူး၊ အထူးတပ်ရင်းမှ ပဒိုမန်းခင်အောင်နှင့် ဗိုလ်စောသန်းကျော်ဦးတို့ဖြစ်ပြီး မြိုင်ကြီးငူတွင် ဆင့်ခေါ်ကာ စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံးသတင်းအရ ဒီကေဘီအေအဖွဲ့မှ တပ်မှူးတပ်ဗိုလ်အားလုံး စုံစုံညီညီဖြင့် ဗဟိုတွင် အစည်းအဝေးကြီးတရပ်ကို ကျင်းပသွားမည်ဖြစ်ကာ ယခုလ ကုန်ပိုင်းနှင့် မေလဆန်းပိုင်းတွင် ကျင်းပဖြစ်မည်ဟု သိရသည်။

စောထူးလိန့်အွာ(ဇွဲကပင်မြေ)

http://knljapan.blogspot.com/2010/04/dkba.html

Advertisement
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 355 other followers