Skip to content

ဆောင်းပါးရှင် – မန်းရောဘတ် ဘဇန် by Thaw Thi Kho

November 28, 2009

စစ်ကြောင်းမှူး ဗိုလ်မှူးဂျော်နီသည် (ကစို) ရောက်ပြီး အငြိမ့်ငှားသည်။ ထိုအငြိမ့်အဖွဲ့ကို (ဖါးကပ်) သို့ခေါ်ခဲ့ကာ ရန်သူကို (ဖါးကပ်) သို့မြူဆွယ်၍ ကျုံးသွင်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ မိမိတို့စစ်ကြောင်းသည် စစ်ဆင်ရေး စီမံချက်အတိုင်း (ညာမရော) မှတဆင့် (ဖါးကပ်)သို့ ည (၉)နာရီတွင် ရောက်ရှိသွား တော့သည်။

တပ်ခွဲများအား သတ်မှတ်ထားသည့်နေရာ၌ နေရာယူခြင်း၊ လက်နက်ကြီးများ ပစ်လမ်းကြောင်း ရွေးချယ်ခြင်း၊ ကတုတ်ကျင်း တူးခြင်း၊ ပစ်ပိုင်နယ် ရှာဖွေ သတ်မှတ်ခြင်း၊ သတ်ကွင်းများ ရွေးချယ်ခြင်း စသည်တို့ကို ခံစစ်စီမံချက်အတိုင်း စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် တပ်ခွဲရှိ ရဲဘော် များအား တစ်ဝက်ပွဲကြည့်စေပြီး တစ်ဝက်ကို ကင်းချရန် ညွန်ကြားလိုက်သည်။ စစ်ကြောင်းမှူး ငှားလာသော အငြိမ့်အဖွဲ့သည် (ဖါးကပ်) ရွာ၌ စတင် ကပြလျှက်ရှိသည်။ ဆိုင်းသံ၊ ဗုံသံကတညံညံ၊ ရယ်သံက တဝေါဝေါ၊ မင်းသမီး သီချင်းသံက တလွင်လွင်၊ ကြည်လင်အေးမြတဲ့ ညအချိန် ဖြစ်နေပါ တော့သည်။ “ငပွေး ဂယောင် နီလာတော့ ခုလောက်ဆို မင်းသမီးတွေနဲ့ လုံးနေရောပေါ့၊ ဒီကောင်တွေကို အရှင်ဖမ်းမယ်။ မနက်ဆိုရင် အတုံးအရုံး အိပ်ကုန်ပါပြီ၊”—လို့ ရန်သူ့တပ်ရင်းမှူးက ယူဆနေမှာဖြစ်ပါတယ်။ စီမံချက်သာ မရှိခဲ့ရင်၊ ဖြစ်ရိုးဖြစ်စဉ် အရ ဒီအတိုင်းဘဲ ဖြစ်မှာပါ။

နံနက် (၉းဝဝ) နာရီထိုးပါပြီ။ ရန်သူစစ်ကြောင်းသည် အာသာငမ်းငမ်း ထိုးကျွေးထားသော အစာကို လာဟပ်ပါတော့သည်။
“ဒက်၊ ဒက်၊ ဒက်၊ ဒုံး၊ ဂျိမ်း၊ ဂွမ်း”— ဟူသော လက်နက်ငယ်၊ လက်နက်ကြီးမျိုးစုံ အသံများသည် (ဖါးကပ်) ရွာကို အရုပ်ဆိုး၊ အကျည်းတန် သွားစေတော့ သည်။ ရန်သူသည် ခပ်စိတ်စိတ် ရင်ဘောင်တန်း ပစ်ရင်း၊ အော်ရင်း ချီတက်လာသည်။ မိမိတို့သည် ကျည်ရောက်၊ လူရောက်စနစ်အရ မပစ်သေးဘဲ ရန်သူအား အနီးကပ် ပစ်ခွင့်ရတဲ့ အကွာအဝေးအထိ အပိုင်ပစ်နိုင်အောင် စောင့်ဆိုင်းခြင်းဖြင့် တိတိကျကျ လိုက်နာလုပ်ဆောင်သည်။ (ကျည်တစ်တောင့်၊ ရန်သူတစ်ယောက်)၊ မူအရ ပစ်ပိုင်နယ် (၂၅) ကိုက် ရန်သူများ အရောက်၊ မိမိတပ်ခွဲ၊ တပ်စု(၁)၊ တပ်စိတ် (၁) မှ တပ်စိတ်မှူးတပ်ကြပ် (မူးမူး) ခေါ် (ကော့နား) ၏ အမ်ဂျီ (၄၂) စက်လတ် စတင်လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် တပ်စု (၁) တစ်စုလုံး၏ သေနတ်များ လှုပ်ရှား ပစ်ခတ်ကြပါတော့သည်။

ရင်ဘောင်တန်း ချီတက်လာသည့် ရန်သူ (၈) ယောက်၊ အရုပ်ကြိုးပြတ် လဲကျကုန်တော့သည်။ အနည်းငယ် ငြီးငြူယုံမှအပ၊ မကြာခင်ပင် အသက်ထွက် ကုန်ကြတော့သည်။ မိမိတို့၏ ကျည်ရောက် လူရောက် စီမံချက်ကြောင့် သေနတ်သံ စတင်ထွက်သည်နှင့် ဝါရင့်စစ်သည်တော်များသည် ရန်သူ့လက်နက် (၈) လက်ကို သွားရောက်ကောက်ယူလိုက်ပြီး ဖြစ်သည်။ ရန်သူ့ထံမှ (၉) မမ ဘရောင်နင် ပစ္စတို (၂) လက်၊ ကါဘိုင် (၁) လက်၊ ဂျီ (၃)၊ ဂျီ (၄) – (၅) လက် စုစုပေါင်း လက်နက် (၈) လက် သိမ်းပိုက်ရရှိလိုက်သည်။ တိုက်ပွဲကာလ (၁၅) မိနစ်သာ ကြာလိုက်သည်။

“လောကွားမှ တာဖ အသံကောင်းလား” စစ်ကြောင်းမှူးမှ မိမိအားခေါ်နေသည်။
“တာဖ မှ လောကွား၊ အသံ ၅” မိမိပြန်ဖြေသည်။
“အခြေအနေသတင်းပို့”
“သေနတ် (၈) လက်ဘဲ ရသေးတယ်၊ ရန်သူ့ငြီးသံကြားနေရတယ်” လို့ ကျွန်တော်က ပြန်သတင်းပို့လိုက်ပါသည်။
စစ်ကြောင်းမှူးက “အကောင်းဆုံးဆက်လုပ်” — ရန်ညွန်ကြားလိုက်သည်။

အဆိုပါ ဆက်သွယ်ရေး စကားလုံး ဝေါဟာရအရ လောကွားသည် စစ်ကြောင်းမှူး စကားပြောစက် အမည်ဖြစ်ပြီး တာဖ သည် မိမိ၏စကားပြောစက်အမည် ဖြစ်ပါသည်။ အသံ (၅) သည် စက်အသံ အတိုးအကျယ်အဆင့်နှင့် ကြည်လင်ပြတ်သား၊ ရှင်းလင်းမှုကို ဖြေကြားခြင်း ဖြစ်ပါသည်။

ရန်သူ၏ ရှေ့ပြေးတပ်စု ခြေမှုန်းခံလိုက်ရပြီးနောက် မိမိတို့နှင့်ထိတွေ့မှုဖြစ်နေသော တပ်ရင်းမှ၎င်း၊ (ဖွေးထောရူ) ရှိ ပိတ်ဆို့ရေး ယူထားသော အခြားစစ်ကြောင်းများမှ (၈၁) မမ စိန်ပြောင်း၊(၇၅) မမ နောက်ပွင့် ရိုင်ဖယ်၊ (၆ဝ) မမ စိန်ပြောင်း စသည့် လက်နက်ကြီးများဖြင့် အပြင်းအထန် ပုံအော ပစ်ခတ်လျှက်ရှိသဖြင့် မိမိတို့ပတ်ဝန်းကျင် တစ်ခုလုံး မဲမှောင်နေတော့သည်။

တပ်ခွဲရုံမှ ရဲဘော်များဖြစ်ကြသော တပ်ကြပ်ပုချို (ဝမ်းခါ) (ကက်ဘလူးတိုက်ပွဲတွင်ကျဆုံး)၊ ရဲဘော် အောင်ပ၊ ရဲဘော်အယ်မွီး၊ ရဲဘော်ခင်မောင်ဦးတို့သည် ကတုတ်ကျင်းထဲ၌ ရန်သူတက်လာမည်ကို သဲသဲမဲမဲကြည့်နေသည်။ ပစ်ပိုင်နယ် (၂၅) ကိုက်ရောက်မှ ပစ်ကြမည်ဖြစ်သည်။

ရန်သူသည် မိမိတို့ စကားပြောစက်သံကိုလည်း ကြားဖြတ် နားထောင်လေ့ရှိတတ်ကြောင်း သိရှိထားသဖြင့် ရန်သူအား လှည့်စားရန် လိုအပ်လာပြီဖြစ်ပါသည်။

“လောကွားမှတာဖ၊ ရန်သူ့လက်နက်ကြီး ပစ်ခတ်မှု သတင်းပို့” စတင် အသံပေးလိုက်သည်။
“တာဖ မှ လောကွား၊ (အလွန်တည်ငြိမ် အေးချမ်းသောလေသံဖြင့်) ရန်သူ့လက်နက်ကြီး ပစ်နေတဲ့ကောင်တွေ တော်တော် ညံ့တယ်ဗျ၊ ဘယ်နိုင်ငံမှာ သင်တန်းသွားတက်ထားတယ် မသိဘူး၊ ပစ်ရာတခြား၊ ရှရာတခြား ဖြစ်နေတယ်၊ ဒီအတိုင်းသာ ဆက်ပစ်နေရင်၊ ဗမာတပြည်လုံးကိုရောင်းပြီး ပစ်တာတောင် တစ်ဦးတစ်ယောက်မှ ထိမှာမဟုတ်ဘူး” ဟု ဆွပေးလိုက်သည်။

အမှန်မှာ မိမိတပ်ခွဲမှ စစ်သည်တစ်ဦး၊ တပ်ခွဲ (၅) မှ စစ်သည်တစ်ဦးစီ ဒဏ်ရာအသီးသီးရထားသည်။ မိမိ ရန်သူကို လှည့်စားနေမှန်း စစ်ကြောင်းမှူးက သိနေသဖြင့်-
“ဒါဆိုဘယ်လောက်ကွာလဲ”-လို့မေးလိုက်ရာ-
“ကိုက်(၅ဝဝ) လောက်ကွာတယ်” ဟု ကျဉ်လမ်းကြောင်းလွှဲ ပြောလိုက်သည်။

ကြားဖြတ်နားထောင်နေသော ရန်သူ့ ဗျူဟာမှူးသည် ၄င်းတို့၏ လက်နက်ကြီးများကို အနောက်ဘက်ကိုက် (၅ဝဝ) သို့ ရွေ့ခိုင်းလိုက်တော့သည်။

“အုံး၊ ဒိုင်း၊ ဂျိမ်း၊ ဂွမ်း”
“လောကွား မှ တာဖ၊ အခြေအနေဘယ်လိုလဲ”
“တာဖ မှ လောကွား၊ (အလွန်ရှုပ်ထွေး၊ ယောက်ယက်ခပ်နေသည့် ပုံစံဖြင့်) “အခြေအနေ မကောင်းဘူး၊ ထိပ်ပေါ်တည့်တည့်ဘဲ”—ဟုဖြေလိုက်သည်နှင့် -

ရန်သူဗျူဟာမှူးမှ “အဲဒီနေရာကို သေသေချာချာ မှတ်ပုံတင်ထားကွ၊ အတွဲလိုက်ပစ်၊ (၃) စက္ကန့်တလုံးပစ်”—ဟု ညွန်ကြားသံကို မိမိတို့ကြားဖြတ်စက်မှ ကြားနေရသည်။ ရန်သူ့လက်နက်ကြီးကျည်များ မိမိတို့နောက်ဘက် ကိုက်(၅ဝဝ) ခန့် ကျော်သွားပြီး ပေါက်ကွဲနေသည်ကို မိမိနှင့် စစ်ကြောင်းမှူးတို့ ပြုံးကြည့်နေကြောင်း ရန်သူ့ဗျူဟာမှူး မြင်ခဲ့ပါမူ ရင်နာလို့ မဆုံး ဖြစ်မည်မှာ သေချာလှပါသည်။

ရန်သူ့လက်နက်ကြီး အန္တရာယ် ကင်းဝေးသွားသည်နှင့် ဒဏ်ရာဖြင့် ညှီးညူနေသောရန်သူအား ချော့မြူ သိမ်းသွင်း ခေါ်ယူရန်၊ ရန်သူနှင့်အနီးကပ် (၁ဝ) ကိုက်သို့ ချည်းကပ်သွားတော့သည်။

“ဟေ့ ရဲဘော်၊ ဒို့ဆီလာခဲ့” ရန် ခေါ်လိုက်သည်။
“ကျွန်တော်လာလို့ မရဘူး၊ ခြေထောက်မှာဒဏ်ရာ ရထားတယ်”
“ဒါဆို မင်းသေနတ် ရှေ့ချထား” ဟု ပြောပြောဆိုဆို မိမိ ကာဘိုင်သေနတ်အား ၄င်းထံ ချိန်ရွယ်ထားလိုက်သည်။ မိမိအား ရန်သူလှည့်စားနေတာလား၊ ဟုတ်မှဟုတ်ရဲ့လား — ဆိုသောသံသယဖြင့် သတိကြီးစွာထားပြီး ရန်သူကို ဂရုတစိုက် ကြည့်နေသည်။

“ကျွန်တော့သေနတ်မရှိတော့ဘူး၊ အဖေါ်တွေ ယူပြေးသွားပြီ” လို့ ပြောသည်။
အဆိုပါ ရဲဘော်ရဲဘက်စိတ် ကင်းမဲ့စွာ ပစ်ထားခဲ့ပြီး သေနတ်ကိုတော့ လူထက်တန်ဖိုးထားသည့် သတင်းအား စိတ်ဓါတ်စစ်ဆင်ရေး ၀ါဒဖြန့်ချီရေး လက်နက်တစ်ခုအဖြစ် ထိရောက်စွာ သုံးနိုင်ပါသည်။ စစ်မြေပြင်၌ ယခုလို ရန်သူနှင့် အပြန်အလှန် စကားပြောခွင့်ရပြီးသည်နှင့် ရန်သူကို မိမိတို့ စည်းရုံး သိမ်းသွင်းနိုင်ပြီး ဖြစ်သည်။

“ဒါဆို တွားတက်ခဲ့”–ရန် အော်ပြောလိုက်သည်။

စစ်မြေပြင်တစ်ခုလုံး ခေတ္တ တိတ်ဆိတ်နေသည်။ ရှေ့ပြေးတပ်စု ခြေမှုန်းခံလိုက်ရကြောင်း ရန်သူဗျူဟာမှူး သိနေသည်။ တခုခု ဆောင်ရွက်လာမည် ဖြစ်သည်။ အချိန်ဆွဲနေ၍ မဖြစ်၊ တွားတက်ခဲ့ရန် မိမိ ညွန်ကြားချက်ကို နာခံလို့ထင်သည်၊ ရှေ့မှရန်သူ၏ လှုပ်ရှားသံကို ကြားလာသည်။ မြေကြီးနှင့် ကိုယ်ခန္တာ ပွတ်တိုတ်သံကို ကြားနေရသည်၊ တစတစ နီးလာပါပြီ၊ မိမိကာဘိုင် သေနတ်အား သေချာစွာ ချိန်ရွယ်ထားပြီး ကြည့်လိုက်ရာ-

“အိုး၊ ခြေထောက်မှာသွေးတွေ၊ ဒဏ်ရာ ရထားပါလား” အံ့သြစွာ သိလိုက်ရသည်။

အပိုင်း (၃) ကို နောက်အပတ်တွင် ဆက်လက်တင်ပြသွားပါမည်။

ဖိုးတရုတ်ဘလော့မှရယူတင်ဆက်သည်။

ပြန်ခေါက်ပါ…

Advertisement
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 355 other followers