Skip to content

ဆောင်းပါးရှင် – မန်းရောဘတ် ဘဇန် posted by Thaw Thi Kho

November 27, 2009

(ဖါးကပ်)တိုက်ပွဲကိုမဖေါ်ပြမှီ စစ်နှင့်ပါတ်သက်သည့် စစ်သဘောထား တချို့ကို ကျွန်တော် မန်းရောဘတ်ဘဇန် အနေဖြင့် ဦးစွာ တင်ပြလိုပါသည် -

(The purpose of the revolutionary war is peace) “တော်လှန်ရေး စစ်ပွဲ၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေး ဖြစ်သည်”။ ကျွန်ုပ်တို့ စစ်တိုက်နေခြင်းသည် တပါးသူကို ကျွန်ပြု၊ အနိုင်ကျင့်၊ စော်ကားရန် မဟုတ်၊ (တိုင်းရင်းသား) အမျိုးသား တန်းတူအခွင့်အရေး ရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး အတွက် ကျူးကျော်လာမှုကို ခုခံသည့် တရားသော စစ်ပွဲကို တိုက်နေခြင်းသာ ဖြစ်သည်။

ပြောက်ကျားစစ် ပါရဂူ တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် ဂျော်နီ
ပြောက်ကျားစစ် ပါရဂူ တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် ဂျော်နီ တပ်မ(၄၄)၊ ကွပ်ကဲမှုအောက် တပ်ရင်းများသည် ကရင်ပြည်နယ် စစ်ဆင်ရေးဧရိယာအတွင်း (ကြူပင်ခုတ် ကြူငုတ်မကျန်) ဖြတ်လေးဖြတ် ဗျူဟာခင်း ဆင်နွှဲလျှက်ရှိသည်။ (ဖြတ်လေးဖြတ် ဗျူဟာ) အရ လူထုနှင့် အဆက်ဖြတ်၊ သတင်းဖြတ်၊ ရိက္ခာဖြတ်၊ သတ်ဖြတ် ဟူ၍ ဖြစ်ပါသည်။ အဆိုပါ ဖြတ်လေးဖြတ် ဗျူဟာသည် ဒုတိယ ကမ္ဘာစစ်အတွင်း၊ တရုတ်ပြည် သိမ်းပိုက်ရေးစစ်ပွဲကာလ၊ ဖက်ဆစ်ဂျပန်များက ကျင့်သုံးခဲ့သည့် (Three All) ပေါ်လစီ (မူဝါဒ) အတိုင်း ဖြစ်ပါသည်။ ဂျပန်တို့က အောက်ပါအတိုင်း ပေါ်လစီချထားခဲ့သည် -

(Kill all) အားလုံးသတ်။
(Burn all) အားလုံးမီးရှို့။
(Destroy all) အားလုံးဖျက်ဆီး တို့ဖြစ်သည်။

ကျွန်တော်တို့၏ ကရင်ပြည်တွင်း၌၄င်း၊ ဘဝတူညီအစ်ကိုတော် လူမျိုးစုများ နယ်မြေများ၌၄င်း ရန်သူများက ဤပေါ်လစီ အတိုင်း ကျင့်သုံးနေသည်မှာ ရာစုနှစ် တစ်ဝက်ကျော်ခဲ့ပြီး ဖြစ်ပါသည်။

ကျွန်တော်တို့ စစ်ကြောင်း(၁)သည် စစ်ကြောင်းမှူး ဗိုလ်မှူးဂျော်နီ (ယခု တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ်သူရ စောဂျော်နီ) ၏အနီးကပ် ကွပ်ကဲမှုဖြင့် ပိုင်ကျုံမြို့နယ်အတွင်း စစ်ဆင်ရေး ဧရိယာဂွင်အဖြစ် လှုပ်ရှားလျှက် (နောတဲခီး)ရွာ၌ တပ်ကို အခြေပြုထားပါသည်။ ထိုစဉ်ကာလ၌ ဗိုလ်ကြီးဖါးခလိုဦးစီးသော တပ်ခွဲ(၁)သည် တပ်မဟာ(၄) စစ်ဆင်ရေး ဧရိယာဂွင်အတွင်း မြိတ် – ထားဝယ် ခရိုင်၌ တာဝန်သွားယူနေရသည်။ တပ်ခွဲ(၂)အား ဗိုလ်ကြီးလူးစီ(ဆုံး) က ဦးစီး၍၎င်း၊ တပ်ခွဲ (၃) အား ဗိုလ်ကြီးအောင်လင်း ဦးစီး၍၎င်း၊ (မယ်ပရ) တပ်ခွဲ (၄) အား မိမိဦးစီး၍၎င်း၊ တပ်ခွဲ (၅) အား ဗိုလ်ကြီးဂျော်ဖြူ (ဗိုလ်မှူးချုပ်ဂျော်နီ၏ညီ) ဦးစီး၍၎င်း၊ စစ်ကြောင်းဌာနချုပ်တပ်ခွဲအား ဗိုလ်ကြီးဒေးဝါး ဦးစီး၍၎င်း အသီးသီး ကွပ်ကဲ လှုပ်ရှားလျက် ရှိပါသည်။ ကျွန်တော်တို့ တပ်ရင်းမှူးမှာ ဒုတိယဗိုလ်မှူးကြီးမောင်ထွန်း (ဆုံး) ဖြစ်ပြီး တပ်ရေးဗိုလ်ကြီးမှာ ဗိုလ်မှူးထွန်းကြိုင် (ဆုံး) တို့ ဖြစ်ကြပါသည်။

ကျွန်တော်တို့သည် တပ်မ (၄၄) ကွပ်ကဲမှုအောက်ရှိ ခမရ (၃) နှင့် ခမရ (၅) တပ်ရင်းများ၏ လှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည့် အကဲခတ် လျက်ရှိသည်။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၏ ပြောက်ကျားစစ် ပါရဂူတစ်ဦး ဖြစ်တဲ့ ဗိုလ်မှူးဂျော်နီမှ – “ကျနော်တို့ဒီလို စစ်ကြောင်းကြီးနဲ့ လှုပ်ရှားနေရင် ဒီကောင်တွေ ဝင်တိုးရဲမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။ ဒါကြောင့် ဆက်လက်ပြီး သူက “တပ်အနည်းစုကိုသာပြပြီး ကျန်စစ်ကြောင်းကို ဖျောက်ထားမယ်၊ ကျွန်တော်နဲ့ တပ်စိတ်တစ်စိတ် (ပိုင်ကျုံ) ရန်သူ့စခန်းနားက ကပ်ဖြတ်ပြီး (ကစို) ရွာမှာ အယောင်ပြမယ်။ နှစ်ရက်လောက် နေပြမယ်။ ရန်သူအား သတင်းအနံ့ ထိုးကျွေးမယ်။ စစ်ကြောင်းက ဒီမှာဘဲ ခိုနေဦး။ သုံးရက်လောက်ခိုပြီးမှ ညဘက် (ညာမရော) ဘက်ကနေ(ဖါးကပ်) ကိုဝင်ပြီး ဖါးကပ်ရောက်ရင် တပ်နေရာချ၊ ပတ်လည်ကတုတ်ကျင်းတူး၊ ခံစစ် စီမံချက် စနစ်တကျ လုပ်၊ ကျွန်တော်က ရန်သူအား ဒီဘက် (ဖါးကပ်) ကို ဆွဲခေါ်လာမယ်၊ လုပ်ရုံးလုပ်စဉ်အတိုင်းဘဲ ပစ်ခတ်မှုဖြစ်လို့ သေနတ်ရရင် (မော်ထူး) ရမယ်၊ အားလုံးရှင်းလား”— ဟု ညွန်ကြားချက်ပေးပြီး တပ်စိတ်တစ်စိတ်နှင့် ထွက်ခွာသွားခဲ့ပါတော့သည်။

ဒီနေရာမှာ မော်ထူးဆိုတဲ့ ဝေါဟာရကို အနည်းငယ် ရှင်းပြလိုပါသည်။ (မော်ထူး) ဆိုသည်မှာ စကောကရင်ဘာသာဖြင့် ဆေးပေါ့လိပ် ဖြစ်သည်။ ပစ်ခတ်မှုဖြစ်လို့ ရန်သူ့သေနတ်ရပါက ဆုပေးသည့်အနေဖြင့် ဆေးပေါ့လိပ် ပေးမည်ဖြစ်ပြီး ရန်သူ့သေနတ်မရပါက ဒဏ်ပေးသည့်အနေဖြင့် ကြိမ်ဒဏ် (၂၅) ချက် ရိုက်ခံရမည်၊ တပ်မှူး တပ်သားမရွေး လိုက်နာရမည့်ဆုပေးဒဏ်ပေး စနစ်ဖြစ်သည်။ ကျည်ရောက် လူရောက် စီမံချက်ဖြစ်သည်။ တိုက်ပွဲ ဖြစ်တိုင်း ရန်သူ့လက်နက်မရပါက တိုက်ပွဲသုံးသပ်ချက်မှာ တိုက်ပွဲရှုံးသည်ဟု သုံးသပ်သည်။ မိမိတပ်မတော်ကို ရန်သူ့ လက်နက်ဖြင့် အင်အားဖြည့်တင်း ရမည် ဟူသည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ စစ်ရေးပေါ်လစီ မူဝါဒတစ်ခု ဖြစ်သည်။

စစ်ကြောင်းမှူး ဗိုလ်မှူးဂျော်နီသည် နိုင်ငံတကာ စစ်ပါရဂူများဖြစ်ကြသော – တရုတ်စစ်ပါရဂူ ဖုံသက်ဝိုင်၊ ဆွန်ဇူး၊ မော်စီတုန်း၊ ငုယင်ဂီယပ်(ဇပ်)၊ ချေ ဂွေဗါးရား၊ ဂျော့ခ်ျ ဂရီးဗတ်စ် (George Grivas)၊ ကလော့ဇ်ဝစ်၊ လစ်ဒယ်ဟတ်၊ လက်ဝဲသုန္နရ စသည့် စစ်ပါရဂူများ၏ သင်ကြားမှုများကို ဖတ်ခဲ့ဘူး၊ သင်ခဲ့ဘူးခြင်း ရှိ မရှိကိုမူ မသိသော်လည်း စစ်မြေပြင်ထက်ကောင်းသော စစ်တက္ကသိုလ်မရှိ ဆိုသည့် စစ် (ဒဿန)ကိုမူ ကောင်းစွာ နားလည် သဘောပေါက်ခဲ့သူ ဖြစ်ပါသည်။ စစ်သားတို့၏ မှတ်ကျောက်သည် စစ်မြေပြင်တွင်သာ ဖြစ်သည်။ တိုက်ပွဲပေါင်းမြောက်များစွာမှ သင်ယူရရှိခဲ့ပြီး ဖြစ်သည်။

“ပြောက်ကျားစစ်” စစ်နည်းဗျူဟာများ ဖြစ်ကြသည့် “ရန်သူကို အမျိုးမျိုးလှည့်စား၊ မြူဆွယ် ကျုံးသွင်းပြီး အလျှင်အမြန်တိုက်”၊ “တိုက်ပွဲတိုင်း အလစ်အငိုက်ယူ”၊ “ရန်သူရဲ့ အားနည်းတဲ့အပိုင်းကိုတိုက်”၊ “မနိုင်ပုံပေါ်ရင် အစီအစဉ်ရှိရှိ ဆုတ်” (All warfare is base on deception) ဆိုသည့် နည်းဗျူဟာ များကို စစ်သားဘဝကတည်းက သင်ကြား မှတ်ယူထားခဲ့ပြီးဖြစ်သည်။

စစ်ကြောင်းမှူး ဗိုလ်မှူးဂျော်နီမှ တပ်စိတ်တစ်စိတ်နှင့် စတင်လှုပ်ရှားလိုက်သည်နှင့် ထောက်လှမ်းရေးကွန်ယက်လို ဖြန့်ကြဲထားသည့် ရန်သူ့ ထောက်လှမ်းရေးများမှ – “ငပွေး ဂယောင်နီလာ အငယ်တစ်ခုနဲ့ (ကစို) ဘက်ထွက်သွား” ဟူ၍ ပြောသံကို မိမိတို့၏ ကြားဖြတ်ဖမ်းစက်က သိရှိရသည်။ အဆိုပါ ငပွေးဆိုသော ဝေါဟာရမှာ ကရင်အမျိုးသားများကို နံနှိမ်ခေါ်သည့် ဗမာ့တပ်မတော်၏ လက်သုံးစကားဖြစ်ပြီး ဂယောင်၊ ဂငယ်၊ (ဂျော်) မှာ စကားပြောစက်တွင် စစ်သုံး လျှို့ဝှက်သင်္ကေတ အခေါ်အဝေါ် ဖြစ်ပါသည်။ ဂယောင်ဟု ခေါ်ဆိုလိုက်သည်မှာ ဂျော် ကို ဆိုလိုခြင်းဖြစ်ပြီး နီလာ မှာ နငယ်၊ နီကို ဆိုလိုခြင်း ဖြစ်သဖြင့် အဆိုပါ ဝေါဟာရနှစ်ခု ပေါင်းလိုက်ပါက ဂယောင်နီလာ သည် ဂျော်နီကို ဆိုလိုခြင်း ဖြစ်သွားပါသည်။ ဥပမာ- တာချီလိတ်မြို့ကို တခိုင်လုံးဟု ခေါ်ဆိုသလို ဗိုလ်မှူးကို ဗေဒါမာလာဟု လျှို့ဝှက်ခေါ်ဆိုပါသည်။ အငယ်တစ်ခု ဆိုသည်မှာ တပ်စိတ်တစ်စိတ် အင်အားပမာဏကို ဆိုလိုခြင်းဖြစ်ပြီး အလတ်တစ်ခု ဆိုပါက တပ်စုတစ်စု အင်အားဖြစ်သွားကာ အကြီးတစ်ခု ဆိုလျှင် တပ်ခွဲတစ်ခွဲကို ဆိုလိုခြင်း ဖြစ်ပါသည်။

အပိုင်း (၂) ကို မနက်ဖြန်တွင် ဆက်လက်ဖော်ပြသွားပါမည်။

ဖိုးတရုတ်ဘလော့မှပြန်လည်ရယူတင်ဆက်သည်။
http://www.thawthikho.blogspot.com/

Advertisement
No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 355 other followers